အပြင်မှာတကယ်ရှိခဲ့သော ဇာတ်ကားထဲမှ ဇာတ်ကောင်များ
The Prestige ဇာတ်ကားထဲက
တရုတ်မျက်လှည့်ဆရာအဖိုးကြီး ဖြစ်ပါတယ်။ သူဟာ အပြင်မှာ တကယ်ရှိခဲ့ပါတယ်။
သူ့နာမည်က Chung Ling Soo (ချောင်လင်ဆူး) ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာလည်း
အဲဒီနာမည်ပါပဲ။ အဲဒီဇာတ်ကားထဲက ကျည်ဆံဖမ်းပြတဲ့ မျက်လှည့်ပြကွက်ဟာလည်း သူ့ရဲ့ နာမည်ကျော်ပြကွက်ပါပဲ။
တကယ်တော့ သူဟာ တရုတ်လူမျိုးမဟုတ်ပါဘူး။ အမေရိကန်လူမျိုး
အမေရိကန်ကြီးတစ်ယောက်ပါ။ ပရိသတ်ကို ပိုပြီးတော့ စိတ်လှုပ်ရှားစေအောင်၊
ပိုပြီးတော့ ဆွဲဆောင်နိုင်အောင် သူ့ကိုယ်သူ တရုတ်လူမျိးအဖြစ်
ပုံစံပြောင်းလိုက်တာပါ။
သူ့ရဲ့နာမည်အရင်းက William Ellsworth Robinson ဖြစ်ပါတယ်။ တရုတ်လူမျိုး
မျက်လှည့်ဆရာ Chung Ling Foo (ချောင်လင်ဖူး) ကို အတုယူပြီး သူ့နာမည်ကို
ချောင်လင်ဆူးလို့ ပြောင်းလိုက်ပါတယ်။ ပြီးတော့ အမေရိကမှထွက်ခွာပြီး
ဥရောပမှာ မျက်လှည့်သွားပြပါတယ်။ ချောင်လင်ဖူးရဲ့ ပြကွက်တော်တော်များများကို
ပြန်လည်ပြသပါတယ်။
တရုတ်လိုနာမည်ပြောင်းပြီး တရုတ်လိုပဲ ဝတ်စားဆင်ယင်ပါတယ်။ လူကြားထဲမှာ
အင်္ဂလိပ်လို လုံးဝမပြောပါဘူး။ တရုတ်လိုပဲ ပြောပါတယ်။ နာမည်ကြီးသွားတော့
သူ့ကိုအင်တာလာဗျူးတဲ့အခါ စကားပြန်နဲ့ပဲ ဖြေပါတယ်။
သူ့ရဲ့ အကျော်ကြားဆုံးပြကွက်က ကျည်ဆံဖမ်းပြတဲ့ ပြကွက်ပါ။ "Condemned to
Death by the Boxers" လို့ အဲဒီခေတ်က နာမည်ကြီးပါတယ်။ သိုင်းသမားလို
ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က သေနတ်နှစ်လက်ကိုင်ကာ စင်ပေါ်တက်လာပါတယ်။
ပရိသတ်ထဲက လူတော်တော်များများကို စင်ပေါ်ဖိတ်ပြီး ကျည်ဆံထည့်ထားတာဟုတ်မဟုတ်
စစ်ခိုင်းပါတယ်။ ပြီးတော့ သူ့ကိုပစ်ခိုင်းပါတယ်။
လေထဲမှာပဲ ကျည်ဆံကိုဖမ်းပြလိုက်ပြီး သူ့ရှေ့က ပန်းကန်ပြားထဲကို
ကျည်ဆံနှစ်ခု ထည့်ပြလိုက်ပါတယ်။ တစ်ခါတစ်လေမှာ
ကျည်ထိသွားချင်ယောင်ဆောင်လိုက်ပါသေးတယ်။ ပြီးတော့မှ ပန်းကန်ပြားထဲကို
ကျည်ဆံထွေးထုတ်ပြလိုက်ပါတယ်။ သွားနဲ့ကိုက်ပြီး ဖမ်းပြလိုက်တဲ့ ပုံစံပေါ့။
အဲဒီပြကွက်နဲ့ အင်မတန် နာမည်ကြီးပါတယ်။
ကံကြမ္မာဆိုးဝင်ချင်းတော့လည်း အဲဒီပြကွက်နဲ့ပဲ သူ့ခမျာ သေရရှာပါတယ်။
တစ်ညတော့ လန်ဒန်မှာ အဲဒီပြကွက်ပြနေတုန်း ကျည်တကယ်ထွက်ပြီး
သူ့ကိုထိသွားပါတယ်။ အဲဒီအခါ သူက အခုလိုအော်လိုက်ပါတယ်။ "My God, I've been
shot" ( ဘုရားသခင်၊ ငါ့ကို ကျည်တကယ်ထိသွားပြီ )။ စင်ပေါ်မှာ တရုတ်ကြီးအဖြစ်
မျက်လှည့်ပြခဲ့တဲ့ ၁၉ နှစ်လုံးလုံး အင်္ဂလိပ်လိုဆိုလို့ ဒီစကားတစ်ခွန်းပဲ
ပြောသွားပါတယ်။ ဒါသူ့ရဲ့ နောက်ဆုံးစကားပါပဲ။
သူ့ကို ချက်ချင်းပဲ ဆေးရုံခေါ်သွားပါတယ်။ နောက်နေ့ကျတော့ ဆေးရုံပေါ်မှာပဲ
ဆုံးရှာပါတယ်။ သူ့မိန်းမဖြစ်သူက ဒီပြကွက်ရဲ့ လျှို့ဝှက်ချက်ကို
ရှင်းပြပါတယ်။ လက်နက်ကျွမ်းကျင်ပညာရှင် Robert Churchill က
စုံစမ်းစစ်ဆေးပြီး မတော်တဆမှုဖြစ်ကြောင်း အတည်ပြုပေးပါတယ်။ လူသေပေမယ့်
နာမည်မသေသော လူထူးလူဆန်းကြီးတစ်ယောက်အဖြစ် မှတ်တမ်းတင်ပေးလိုက်ရပါတယ်။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ...။
P.S - သူ သေနတ်ထိသွားတဲ့အခါ ပြောတဲ့စကားနဲ့ပတ်သက်လို့ မူကွဲပါတယ်။ Wikipedia မှာက "Oh my God. Something's happened. Lower the curtain." လို့ ဖော်ပြထားပါတယ်။ သူ့အကြောင်းကို Wikipedia မှာ ဖတ်ရှုနိုင်ပါတယ်။
ဖတ်ရှုရန် Movie Locos ကိုနှိပ်ပါ။
ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။
facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
No comments:
Post a Comment