ရုပ်ရှင်ကားတွေရိုက်တဲ့အခါ အပြာရောင်ကြီးတွေ၊ အစိမ်းရောင်ကြီးတွေ ဘာလို့ကာပြီးရိုက်တာလဲ...။





ရုပ်ရှင်ကားတွေရိုက်တဲ့အခါ Visual Effect သုံးကြပါတယ်။ နောက်ခံမှာ အပြာရောင်ကြီးတွေ၊ အစိမ်းရောင်ကြီးတွေ ကာပြီး ရိုက်ကြပါတယ်။ အဲဒီအတွက် ဒီပို့စ်လေးကို ရေးလိုက်ရပါတယ်။ ကျွန်တော်နားလည်သလောက် အခြေခံအချက်လေးတွေပဲ ရေးထားပါတယ်။


အဲသလိုမျိုးရိုက်တာဟာ Chroma key နည်းပညာကို သုံးပြီးရိုက်တာပါ။ Chroma key နည်းပညာဆိုတာက အလွယ်ပြောရရင် အရောင်ပြောင်းခြင်း၊ အရောင်ဖျောက်ခြင်းပါပဲ။
ရုပ်ရှင်ရိုက်ပြီးတဲ့အခါ ဖလင်နှစ်ခုကိုဆက်လိုက်တယ်။ (ဖလင်နှစ်ခုဟာ နောက်ခံတစ်ရောင်တည်းအပေါ်မှာ ရိုက်ထားတာတော့ ဖြစ်ရမယ်။ ဆိုလိုတာက အစိမ်းရှေ့မှာရိုက်တာဆို နောက်တစ်ခုကလည်း အစိမ်းရှေ့မှာပဲဖြစ်ရမယ်။) အဲသလိုမျိုး အရောင်ကိုအခြေခံပြီး ဖလင်ဆက်တာကို Chroma key လို့ခေါ်တာပါ။
တချို့သော ဇာတ်ကားတွေမှာ မင်းသားမင်းသမီး ချစ်တင်းနှောခန်းကို အဲသလိုရိုက်ပါတယ်။ နောက်ခံ အစိမ်းရောင်ကြီးတွေရှေ့မှာ မင်းသားက သက်သက်သရုပ်ဆောင်၊ မင်းသမီးက သက်သက်သရုပ်ဆောင်။ ပြီးမှ ပြန်ဆက်လိုက်တယ်။
ကျွန်တော်တို့က ဇာတ်ကားတစ်ကားကို အစိမ်းရောင်နောက်ခံကြီးနဲ့ ရိုက်လိုက်တယ်။ ပြီးတဲ့အခါ အဲဒီအစိမ်းရောင်နေရာမှာ တခြားဖလင်က အခန်းတစ်ခု၊ ဒါမှမဟုတ် ဓာတ်ပုံတစ်ခုကို အစားပြန်ထိုးလိုက်တယ်။ အဲသလို အစိမ်းရောင်နောက်ခံကြီးကို ဖျောက်ပြီး ( ကာလာဖျောက်ပြီး ) ဟိုဟာနဲ့ဒီဟာ ဆက်လိုက်တာဟာလည်း Chroma key ပါပဲ။
အိမ်ဖြူတော်အကြောင်း ဇာတ်ကားရိုက်တယ်။ အိမ်ဖြူတော်ထဲမှာ သွားရိုက်တာ မဟုတ်ပါဘူး။ အစိမ်းရောင်နောက်ခံကြီးမှာရိုက်လိုက်တာ။ ပြီးတော့ အဲဒိအစိမ်းရောင်ကြီးကို ဖျောက်တယ်။ တခြားဓာတ်ပုံက အိမ်ဖြူတော်ကို ထည့်လိုက်တယ်။ ဒါပါပဲ။ အဲသလိုမျိုးလုပ်တာဟာ Chroma key နည်းပညာသုံးပြီး လုပ်လိုက်တာပါ။
ဒီလောက်ဆိုရင် Photoshop တတ်တဲ့သူတွေ သဘောပေါက်နေလောက်ပါပြီ။ Adobe After Effects လိုမျိုး ဆော့ဖ်ဝဲတွေမှာ “key” လို့ခေါ်တဲ့ tool တစ်ခုပါပါတယ်။ အဲဒါက ဓာတ်ပုံ၇ိုက်ပြီးတဲ့အခါ အပေါ်မှာ ကျွန်တော်ပြောခဲ့သလို ဖလင်ပြန်ဆက်တဲ့အခါ သုံးပါတယ်။
ဓာတ်ပုံဆိုင်တွေမှာ အပြာရောင်နောက်ခံကြီးတွေကာပြီး ရိုက်လေ့ရှိပါတယ်။ သတိထားမိကြသလားမသိဘူး။ ကလေးပုံလေးတွေရိုက်လိုက်တယ်ဆိုရင် တကယ်ဓာတ်ပုံထွက်လာတဲ့အခါ နောက်ခံအပြာကြီးမဟုတ်တော့ဘဲ ကာတွန်းရုပ်ကလေးတွေ၊ ကမ်းခြေလေးတွေ ဖြစ်သွားတယ်လေ။ အဲဒါ Chroma Key နည်းပညာကို သုံးပြီး Edit လုပ်လိုက်တာပါပဲ။
ဘာလို့ အစိမ်းရောင်နဲ့ အပြာရောင်ကို သုံးရတာလဲဆိုတော့ အဲဒီအရောင်နှစ်ရောင်ဟာ လူ့အသားအရေနဲ့ သိသိသာသာကွဲပြားလို့ပါ။ ရိုက်ပြီးသွားရင် ဒီအရောင်ကို အခြေခံပြီး ပြန် Edit လုပ်ရတာပါ။ Edit လုပ်တဲ့သူတွေအတွက် ပိုလွယ်ကူအောင်ပါ။ အနီရောင်ကိုသုံးလည်းရတာပဲ။ လူ့အသားအရေနဲ့ သူက ခပ်ဆင်ဆင်ဖြစ်နေပါပြီ။ အဲဒါကြောင့် မသုံးပါဘူး။
အစိမ်းရောင်နဲ့အပြာရောင် ဘာကွာသလဲဆိုတော့ ဒီလိုပါ။ ဇာတ်ကားရိုက်လို့ မင်းသားမင်းသမီးဝတ်ထားတဲ့ အင်္ကျီက အစိမ်းဆို အပြာနောက်ခံကို သုံးလိုက်ပါတယ်။ အပြာဆို အစိမ်းနောက်ခံကို သုံးတယ်။ မျက်နှာကို အနီးကပ် zoom ဆွဲပြီးရိုက်တာမျိုးဆို အပြာနောက်ခံကို သုံးပါတယ်။ ဘာလို့လဲဆိုတော့ ဆံပင်ကြောင့်ပါ။ ကျွန်တော်တို့ဆံပင်ကို အနီးကပ် ချဲ့ကြည့်လိုက်ရင် ဆံပင်ဟာ အစိမ်းရောင်ဖျော့ဖျော့ဖြစ်သွားပါတယ်။ ဒါ့ကြောင့်ပါ။
ဒီလောက်ဆိုရင် အစိမ်းရောင်၊ အပြာရောင်နောက်ခံတွေအကြောင်း သဘောပေါက်လောက်ပါပြီ။ ကျွန်တော်ရှင်းပြထားတာတွေက အခြေခံသဘောတရားပါ။ ဒိထက်ရှုပ်ပါသေးတယ်။ အစိမ်းဆိုပေမယ့် အစိမ်းကိုပဲ တကယ် Edit လုပ်တဲ့အခါ အမျိုးမျိုးထပ်ခွဲပါတယ်။ အစိမ်းဖျော့၊ အစိမ်းရင့်၊ အစိမ်းနု စသဖြင့်ပေါ့။ အဲဒါကြောင့် Visual Effect ထည့်တဲ့သူတွေဟာ ကြေးကြီးကြတာပါ။
အရင်တုန်းက အပြာရောင်နောက်ခံတွေကို အရမ်းသုံးပြီး အခုနောက်ပိုင်းကျတော့ အစိမ်းရောင်နောက်ခံတွေကို ပြောင်းသုံးလာကြပါတယ်။ ဘာလို့ပြောင်းတာလဲဆိုတာ ကျွန်တော်မသိခဲ့ပါဘူး။ အဲဒါ သိချင်ဇောနဲ့ လျှောက်ရှာကြည့်တော့ အဖြေကို တွေ့သွားပါပြီ။
အရင်တုန်းက အပြာရောင်နောက်ခံကို အရမ်းသုံးတယ်ဆိုတာက အပြာရောင်ဟာ အရောင်ယိုဖိတ်မှု နည်းလို့ဖြစ်ပါတယ်။ Colour Spill အင်မတန်နည်းပါတယ်။ မျက်နှာကို အနီးကပ် Zoom ဆွဲရိုက်တဲ့အခန်းမျိုးဆို အပြာရောင်နောက်ခံကို သုံးပါတယ်။ ဆံပင်ကြောင့်ပါ။ ဆံပင်ကို ချဲ့ကြည့်လိုက်ရင် အစိမ်းရောင်ဖျော့ဖျော့ဖြစ်သွားပါတယ်။ အဲဒီတော့ နောက်ခံကိုသာ အစိမ်းထားခဲ့ရင် Edit လုပ်ရတဲ့သူခမျာ ရူးပြီပေါ့။ အစိမ်းက အပြာထက်စာရင် Colour Spill ပိုများပါတယ်။ ဒါ့ကြောင့် အပြာကို သုံးကြတာပါ။
ဒီဘက်ခေတ်မှာတော့ အစိမ်းကို အသုံးများလာပါပြီ။ ဘာဖြစ်လို့ပါလဲ။ အစိမ်းက အပြာထက်စာရင် ရုပ်ထွက်ကြည်လင်ပြတ်သားမှု ပိုကောင်းလို့ပါ။ လှုပ်ရှားမှုပုံရိပ်တွေကို ရိုက်ကူးတဲ့အခါ အစိမ်းက ရုပ်ထွက်ကောင်းတဲ့အတွက် အပြာထက်စာရင် ပိုရှင်းပါတယ်။ Edit လုပ်ရတဲ့သူအတွက် ပိုလွယ်ကူပါတယ်။ ဒီဘက်ခေတ်မှာ ရုပ်ရှင်ရဲ့ ရုပ်ထွက်ပြတ်သားမှုကို အသားပေးလာပါတယ်။ 4K ကင်မရာတွေနဲ့ ရိုက်လာကြပါပြီ။ ဒ့ါကြောင့် Luminance သာတဲ့ အစိမ်းကို အသုံးများလာတာပါ။
အားလုံးပဲ ကျေနပ်နိုင်ကြပါစေခင်ဗျာ။
ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ Movie Locos ကိုလည်း အားပေးကြပါဦးခင်ဗျာ။


facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

No comments:

Post a Comment