လူဦးရေ ၉၀ ရာခိုင်နှုန်းကို ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံရေး တယ်လီနောနှင့် Ericsson ဆောင်ရွက်


မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို လာမည့် ငါးနှစ်အတွင်း မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်စေရန် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောနှင့် ဆွီဒင် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ Ericsson တို့ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် PetterFurberg က ဆိုသည်။

ပြည်တွင်း ဖြန့်ကြက် ချိတ်ဆက်မည့် 2G နှင့် 3G မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်တွင် Ericsson ၏ အဆင့်မြင့် နည်းပညာ အသုံးပြုပြီး ကွန်ရက်စီမံခန့်ခွဲမှု အပိုင်းကိုပါ တာဝန်ယူ ဆောင်ရွက်မည်ဟု တယ်လီနော မြန်မာကုမ္ပဏီထံမှ သိရသည်။

“Ericsson နဲ့ ၅ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်မှာရှိတဲ့ လူဦးရေ ၉၀ ရာခိုင်နှုန်း လာမယ့် ငါးနှစ်လောက်ကြာရင် မိုဘိုင်းလ် ဝန်ဆောင်မှုတွေကို သုံးစွဲလို့ရမယ်” ဟု ၎င်းကဆိုသည်။

Ericsson ကုမ္ပဏီအနေနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးနှင့် မိုဘိုင်းလ် အင်တာနက်စနစ်များ ဖြစ်သည့် GSM/EDGE၊ WCDMA/HSPA၊ 4G LTE စနစ်များ အားလုံးဖြင့် ချိတ်ဆက် သုံးစွဲနိုင်သည့် Multi-Standard Network Solution နည်းပညာ အသုံးပြုသွားရန် ရည်ရွယ်ထားကြောင်း Ericson Myanmar ကုမ္ပဏီထံမှ သိရှိရသည်။

“တယ်လီနောနဲ့ ပူးပေါင်းပြီး ဒီတယ်လီဖုန်း အခြေခံ အဆောက်အဦ ဖြန့်ကျက်မှုက မြန်မာပြည်ရဲ့ စီးပွားရေး အတွက်ရော၊ နိုင်ငံသားတွေရဲ့ ဘဝအတွက်ပါ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရလိမ့်မယ်။ ဝန်ထမ်း ခေါ်ယူမှုတွေနဲ့ တည်ဆောက်မှု အပိုင်းတွေကို သိပ်မကြာခင် စတင်သွားမယ်” ဟု Ericsson Myanmar မှ Country Manager ဖြစ်သူ Jan Wassenius က ဆိုသည်။

တယ်လီနောက မြန်မာနိုင်ငံတွင်း မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် လိုအပ်သည့် ကွန်ရက် နည်းပညာကို တရုတ်ကုမ္ပဏီ Huawei နှင့် ဆွီဒင်ကုမ္ပဏီ Ericsson တို့ထံမှယူရန် ၂၀၁၃ ခုနှစ်က MoU ရေးထိုးပြီး Ericsson ကုမ္ပဏီကို ငါးနှစ်စာချုပ် ချုပ်ဆိုခြင်း ဖြစ်သည်။

ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရန်ကိုမူ အိန္ဒိယမှ Apollo Towers Myanmar ကုမ္ပဏီနှင့် စာချုပ်ထားပြီး IT နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် အိန္ဒိယမှ Wipro ကုမ္ပဏီနှင့် ပူးပေါင်းထားသည်။
“အရင်လို MPT ရဲ့တရုတ်ပစ္စည်းနဲ့ ဆောက်ထားတဲ့ ဆက်သွယ်ရေး ကွန်ရက်ပေါ်မှာ သုံးနေရတာထက်တော့ သာမယ်ထင်ပါတယ်” ဟု ကွန်ပျူတာ ပညာရှင် ကိုရဲဝင့်အောင်က ဆိုသည်။

အခြားပြည်ပဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် အော်ရီဒူး ကုမ္ပဏီကလည်း တာဝါတိုင် တည်ဆောက်ရန် Myanmar Towers ကုမ္ပဏီနှင့် မိုဘိုင်းလ်ကွန်ရက် နည်းပညာကိုမူ တရုတ်မှ ZTE နှင့် ဖင်လန်မှ Nokia ကုမ္ပဏီတို့ကို စာချုပ်ထားသည်။
 
 The Voice Weekly



facebook မှာ အသစ်တင်တိုင်း ဖတ်ချင်လျှင်အောက်ကလင့်မှာ like လုပ်ပါ။
Myanmar Tech (အိုင်တီ)
ကွန်ပျူတာနည်းပညာ





Download လုပ်နည်းများမသိပါက ဒီမှာဖတ်ပေးပါ..
 

No comments:

Post a Comment