မိုဘိုင်းဖုန်း အသုံးအနှုန်း (၁)




မီဒီယာ (Media) ခေတ်လို့ ခေါ်ဆိုနေကြတဲ့ ကနေ့ခေတ်ဟာ မိုဘိုင်ဖုန်း (Mobile Phone) နဲ့ မီဒီယာကို လက်ခံ ရယူကြသလို မိုဘိုင်ဖုန်းနဲ့ပဲ မီဒီယာကို ပြန်လည် မျှဝေ (Share) ကြတယ်။ ဒီတော့ကာ “သက်ရောက်နိုင်အား” ဖော်မြူလာအရ မီဒီယာသမားတွေက မိုဘိုင်ဖုန်းကို အသားပေးလာကြရတယ်။ ဆိုလိုတာက မိုဘိုင်ဖုန်းအတွက် သီးသန့် မီဒီယာကဏ္ဍကို ဖန်တီးလာကြတယ်။
 တစ်ဖန် “တန်ပြန်သက်ရောက်အား” ဖော်မြူလာအရ မိုဘိုင်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မိုဘိုင်ဖုန်းမှာ မီဒီယာကဏ္ဍ ပြည့်စုံသထက် ပြည့်စုံလာအောင် ထည့်သွင်း ထုတ်လုပ်ကြရတယ်။ အများနားလည်တဲ့ စကားလုံးနဲ့ ပြောရရင် ဘယ်သတင်းမဆို မိုဘိုင်ဖုန်းနဲ့ ဖတ်နိုင်အောင်၊ ဘယ်ရုပ်ပုံမဆို မိုဘိုင်ဖုန်းနဲ့ ကြည့်နိုင်အောင်၊ ဘယ်အသံ/ သီချင်းမဆို မိုဘိုင်ဖုန်းနဲ့ နားထောင်လို့ ရအောင်၊ ဘယ်ဗီဒီယို/ရုပ်ရှင်မဆို မိုဘိုင်ဖုန်းနဲ့ ကြည့်ရှုနိုင်အောင် မိုဘိုင်ဖုန်းကို ထုတ်လုတ်တဲ့ ကုမ္ပဏီတွေက အပြိုင်ကြဲ ထုတ်လုပ်ကြရတော့တယ်။


အရင်ခေတ်တွေတုန်းကဆို ဖုန်းဆိုတာနဲ့ စကားပြောတဲ့ ခွက်လောက် သိထားကြတာပါ။ ဒီခွက်ကို တစ်နေရာမှာ အတည် ထားထားရတယ်။ ကိုယ်က ဆက်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဟိုဘက်က ဆက်လာလို့ပဲ ဖြစ်ဖြစ် ဒီစကားပြောခွက် ရှိတဲ့နေရာကို သွားပြီး ဆက်သွယ်မှု ပြုကြရတယ်။ အဲဒီခေတ်ကို တယ်လီဖုန်းခေတ် (Telephone) လို့ ခေါ်တယ်ဆိုပဲ။

နောက်တစ်ခေတ်ကျတော့ သွားလေရာ လာလေရာမှာ ကိုယ်နဲ့မကွာ သယ်ဆောင်သွားနိုင်တဲ့ စကားပြော ကိရိယာ တစ်ခုအဖြစ် ဖုန်းကို အဆင့် ထပ်မြှင့်ခဲ့ကြတယ်။ ဘယ်နေရာပဲ ရောက်ရောက် ဘယ်မှာပဲ ပေါက်နေပေါက်နေ ဒီစကားပြော ကိရိယာကိုသာ ဆောင်သွားလေ။ အိုကေပြီ။ အာဖရိကတိုက်က အမဲလိုက် မုဆိုးတွေ ဒီစကားပြော ကိရိယာကို သုံးပြီး အမဲကောင်ကို တောလှန့် တောခြောက်ကြတယ် ဆိုပဲ။ ဒါကို မိုဘိုင်ဖုန်းခေတ် (Mobile Phone) လို့ ပြောရလေမလားပဲ။

အဲ… အခုခေတ်ကျတော့ မိုဘိုင်ဖုန်းဆိုတာ ဖုန်းဆက်ရုံလေးသာ အသုံးဝင်တဲ့ ခေတ် မဟုတ်တော့ဘူး။ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုက ကျယ်ပြန့်လာပြီ။ မီဒီယာ ပေါင်းစုံကို ဘက်ပေါင်းစုံကနေ အသုံးချနိုင်တယ်။ ဘယ်နေရာရောက်ရောက် စာ ကောက်ဖတ်နိုင်တယ်။ ဘယ်နေရာသွားသွား သတင်း နားထောင်နိုင်တယ်။ သူငယ်ချင်းတွေနဲ့ အပျင်းပြေ ဂိမ်းဆော့ကစားနိုင်တယ်။ မိုးလေတစိမ့်စိမ့် လွမ်းရိပ်ပိုက သီချင်း၊ ကာရာအိုကေနဲ့ ကခုန်နိုင်တယ်။ တီဗီ ဗီဒီယို ခိုးကြည့်နိုင်တယ်။ ဒါတင် ဘယ်ဟုတ်လိမ့်မတုန်း တွှေ့ကရာမြင်ကွင်း ဖုန်းနဲ့ မှတ်တမ်းတင်နိုင်တယ်။ ဘယ်ဖြစ်ရပ်မဆို ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တန်းတင်နိုင်တယ်။ ဒါကြောင့်လည်း ကနေ့ခေတ်သုံး ဖုန်းကို စတိုင်ကျကျ စမတ်ကျကျ ကိုယ်တွယ်သုံးစွဲနိုင်တာမို့ စမတ်ဖုန်း (Smart Phone) လို့ ခေါ်ကြတယ် ထင်ပါရဲ့။

အဲဒီလို ဘက်စုံတော်တဲ့ ခေတ်မှာ ဘက်စုံ အသုံးဝင်တဲ့ စမတ်ဖုန်းကို တို့တစ်တွေက သုံးနေကြပါရက်နဲ့ ဖုန်းရဲ့ အသုံးအနှုန်း ခေါ်ဆိုပုံကို တီးမိခေါက် မိ မရှိခဲ့ငြား “မြင်းခွစီးလျှက် အထီးအမ အခွဲခက်” သလိုမျိုး ဖြစ်သွားမှာ စိုးတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဆိုတာ စမတ်ပဲ ကျသလား၊ တစ်မတ်ပဲ တန်ရော့သလား ခွဲခြား သိနိုင်အောင် ဇွတ်လေ့လာ၊ ဇွတ်အသုံးချ၊ ဇွတ်သုံးပစ်လိုက်ကြပါစို့။

ဖုန်းအသုံးအနှုန်းတွေထဲက အသုံးများတဲ့ ဖုန်းဝေါဟာရကို အချိန်ရရင် ရသလို တင်ပြပေးသွားမှာပါ။ တင်ပြတဲ့နေရာမှာ အင်္ဂလိပ် အက္ခရာစဉ်အတိုင်း ကောက်နှုတ် တင်ပြဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် ကြုံရင်ကြုံသလို အသစ်ထွက်ပေါ်လာတဲ့ ဝေါဟာတွေကိုလည်း အခါအားလျှော်စွာ ကြားညှပ် တင်ပြမှာပါ။ ကနေ့အဖို့ တင်ပြမှာကတော့ အက္ခရာစဉ်ထဲက ပထမဦးဆုံး အေ (A) နဲ့ စလိုက်ကြရအောင်-



1.Accelerometer = တိုင်းတာသည့် ကိရိယာ 

 
ဖုန်းကို အပေါ်ဘက်သို့ ထောင်လိုက် ဖြစ်ဖြစ်၊ အောက်ဘက်သို့ လှဲချတာပဲ ဖြစ်ဖြစ်၊ ရုပ်ပုံ အလိုလိုလှည့်ပေးသည့် စနစ်ပါ။ ဖုန်းကသာ ဒေါင်လိုက်၊ အလျားလိုက် ဖြစ်ချင် ဖြစ်မယ်၊ ရုပ်ပုံကတော့ မူလအတိုင်းပါပဲ၊ မပြောင်းလဲပါ။ ဘယ်လိုပဲ စောင်းစောင်း ရေပြင်ညီအတိုင်း တစ်မတ်တည်း ရှိနေတတ်တဲ့ ပြဒါးမျဉ်းနဲ့ အလားတူတယ်လို့ပဲ ပြောရမလား။ ပစ်ချလိုက်တိုင်း ထောင်ထောင်နေတဲ့ ပစ်တိုင်းထောင်လို ချွတ်စွတ်လို့ပဲ ဆိုရမလား မသိပါ။ သေချာတာက နာရီလက်တံ လည်သလို ဖုန်းကို လှည့်ကြည့်လိုက်ပါ၊ ဖွင့်ထားတဲ့ ရုပ်ပုံတွေက ပန်းပန်လျှက်ပါ၊ လည်မသွားပါ။Tablet (သင်ပုန်း) မှာဆို ပိုသိသာတယ်။ Rotate နဲ့ ဆင်တူသော စကားလုံးပါ။

2. Activation = ဖွင့်ခြင်း (အက်ဒီဗိတ် လုပ်ခြင်း)

 
အသုံးပြုမယ့် နက်ဝေါ့ဒ်လိုင်းဆီသို့ မိမိဖုန်းလိုင်းကို ဖွင့်ပေးဖို့ လုပ်ရတဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ- ဖုန်းဟန်းဆက် တစ်လုံး ၀ယ်လာပါက မိမိထည့်သွင်း အသုံးပြုမည့် စင်းကဒ် (Sim) ကို လိုင်းဖွင့်ခိုင်းခြင်း၊ ဖုန်းလိုင်းကုမ္ပဏီကနေ လိုင်းကို ဖွင့်ပေးခြင်းကို ဆိုလိုသည်။ ဖုန်းဟန်းဆက်ကော၊ ဖုန်း-စင်းကဒ်ပါ Activate မဖြစ်ပါက ဖုန်းလိုင်း ၀င်မည်မဟုတ်ပါ။ ဖုန်းကို အသုံးပြုလို့ ရမည် မဟုတ်ပါ။

3.Airplane Mode = လိုင်းကို ပိတ်ထားသည့် အခြေအနေ

 
ခုခေတ်ပေါ် စမတ်ဖုန်းမှာ အဲယားပလိန်းမုဒ် (Airplane Mode) သို့မဟုတ် ဖလိုက်မုဒ် (Flight Mode) ကို ထည့်သွင်းထားတတ်တယ်။ မိမိသွားရမယ့် ခရီးလမ်းတစ်လျှောက်မှာ ဖြစ်သန်းသွားရတဲ့ တာဝါတိုင်များမှ လွင့်ထုတ်နေတဲ့ ရေဒီယိုလှိုင်း ၀ါယာလက်လိုင်း ဆွဲအားကြောင့် ဖုန်းထဲက ဘက္ထရီ အမြန် ကုန်တတ်တယ်။ ဒါကို တားဆီးတဲ့အခါ အသုံးပြုပါ။ ဖုန်းပါဝါကို မပိတ်ရဘဲ ဘက္ထရီကို ချွေတာတဲ့သဘောပါ။ လေယာဉ်စီးတဲ့အခါ လေယာဉ်ပေါ် ဖုန်း အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်းကို ပါဝါပိတ်စရာမလိုဘဲ ဒီ Airplane Mode ကို နှိပ်လိုက်ရင် ဖုန်းကို ပိတ်လိုက်သလိုပါပဲ။ ဆက်သွယ်မှု အကုန်ပြတ်တောက်သွားပါလိမ့်မယ်။

4.Alarm Clock = နှိုးစက်

 
အခုခေတ်ပေါ် ဖုန်းတွေမှာ ပြက္ကဒိန်တွေ၊ နာရီနှိုးစက်တွေ ထည့်ပေးထားတတ်တယ်။ အရင်တုန်းက ထုတ်လုပ်တဲ့ ဖုန်းတွေမှာ နှိုးစက်ကို နာရီနှိုးစက်လိုပဲ တစ်ရက်စာ၊ တစ်ချိန်ကိုသာ သတ်မှတ်ပေးတယ်။ ဆိုလိုတာက မနက် ၄-နာရီတိတိ နှိုးစက်ကို ချထားရင် မနက်လေးနာရီတိုင်း ထမြည်မယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ထုတ်တဲ့ စမတ်ဖုန်း အများစုကတော့ နေ့ရက်အလိုက် နာရီချိန်ပြီး နှိုးစက် ပေးလို့ ရတယ်။ ဥပမာ- ဇွန်လ ၁၅-ရက်နေ့ ညသန်းခေါင် ၁၂း၁၅ မှာ ကန်မယ့် ဘောလုံးပွဲကို ထကြည့်ချင်သပဆိုရင် JUN 15 00:15 AM ကို ချိန်ပြီး နှိုးစက် ချထား။ ဒါဆို နောက် ၂-ရက် ညသန်းခေါင်အချိန်မှာ နာရီနှိုးစက် ထမြည်လာမှာပါ။ ရက်အများကြီး၊ အချိန်အများကြီးကို ကြိုတင် ချိန်းထားလို့ ရတယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ကို သွားမယ်လို့ စိတ်ကူးထဲ ပေါ်လာတဲ့အတိုင်း နှိုးစက်ကိုသာ ချထား။ အချိန်တိကျစွာ သင့်ကို နှိုးဆော်ပေးပါလိမ့်မယ်။





5.Alphanumeric = အက္ခရာနဲ့ ဂဏန်း

 
အရင်ထုတ်ဖုန်းတွေမှာ ကီးပက်နဲ့ သုံးရတဲ့အတွက် ကီးပက် တစ်ကွက်စာကို အက္ခရာ ၃-လုံးနဲ့ ဂဏန်း ၁-လုံး ထည့်သွင်းပေးထားတယ်။ ဥပမာ ဒုတိယအကွက်မှာ ABC နဲ့ 2 ကို ထည့်ထားတယ်။ ဒီကီးပက်ကို ပထမတစ်ခါ နှိပ်ရင် A၊ ဒုတိယ B၊ တတိယ C၊ စတုတ္ထ 2 ပေါ့။ ခုခေတ် Touch Screen (တို့ထိမျက်နှာပြင်) ဖုန်းတွေမှာ ကီးပက် မရှိဘူး။ ဒီတော့ စာတွေကို ရိုက်ရတဲ့အခါမှာ အော်တို ကီးဘုတ်တွေ ပေါ်လာတယ်။ လက်ကွက်တွေ မရှုပ်အောင် ဆိုပြီး အက္ခရာဖြစ်တဲ့ အေ ကနေ ဇက် (A – Z) အထိ ကို တသီတခြား။ ဂဏန်း ၀ ကနေ ၉ အထိ (0 – 9) ကို တသီတခြား ခွဲထုတ်ထားတတ်တယ်။ ဒီနှစ်မျိုးလုံးကို အသုံးပြုချင်သပဆိုရင် Alphanumeric ရဲ့ လုပ်ဆောင်ချက်ကိုသာ ရွေးထားပါ။

6.Analog = အလားတူ (အနာလော့ဂ်) 

 
လေလှိုင်းကနေတစ်ဆင့် အသံစနစ် ဖလှယ် ( ပေးပို့၊ လက်ခံ) ခြင်းကို အနာလော့ဂ်လို့ ခေါ်တယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အသံကို လှိုင်းကြိမ်နှုန်းနဲ့ တိုင်းတာပြီး လက်ခံသည့် ရေဒီယိုအသံလှိုင်း ဆီသို့ တိုက်ရိုက်ပေးပို့ခြင်းကို ဆိုလိုတာပါ။ အရင်ကြိုးဖုန်းတွေမှာ အနာလော့ဂ်စနစ်ချည်း သုံးကြတယ်။ နောက်ပိုင်းမှ ဒစ်ဂျစ်တယ်လ်စနစ်သို့ ပြောင်းလဲတပ်ဆင်လာကြတယ်။ အနာလော့ဂ်စနစ်သုံး ဆယ်လူလာဖုန်းကို ၁၉၈၀ ပြည့်နှစ်တွင်မှ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီစနစ်ကို ဆယ်စုနှစ် တစ်ခုလောက်ပဲ သုံးခဲ့ရတယ်။ နောက်ပိုင်း ဒစ်ဂျစ်တယ်လ်စနစ်ကို ပြောင်းလဲလိုက်တယ်။ အမှန်မတော့ အနာလော့ဂ်စနစ်ကို အခြေခံပြီးမှ 1-G (၀မ်းဂျီ) လို့ခေါ်တဲ့ ပထမမျိုးဆက် (First Generation) ကို ပြောင်းလဲခဲ့တာပါ။ အခုဆို ဖိုး-ဂျီ (4-G) စနစ်ကိုတောင် တက်လှမ်းနေပါပြီ။ ဒါပေမယ့် နိုင်ငံအများစုကတော့ သရီး-ဂျီ (3-G) စနစ်ကို သုံးစွဲနေကြဆဲပါ။ မြန်မာနိုင်ငံမှာတော့ ၃-ဂျီ (3-G) စနစ်ကို အခုမှ တာစူနေတယ် ဆိုပဲ။

7.Android = မနုဿစက်ရုပ် (အန်ဒရွိုက်) 

 
စမတ်ဖုန်းမှာ အသုံးပြုနေတဲ့ စက်လည်ပတ်မှုစနစ် (OS) ဖြစ်တယ်။ (အခုတလော ထုတ်လုပ်လာကြတဲ့ သင်ပုန်း (Tablet) မှာလည်း ဒီစနစ်ကိုချည်း သုံးလာကြတယ်။ Apple ထုတ်ကုန်က လွဲရင်ပေါ့။) လင်းနက်စနစ်ကို အခြေခံပြီး ဂူဂဲလ်ကနေ ဦးဆောင် တီထွင်ထားတဲ့ ဖုန်းသုံး ဆော့ဝဲလ်အမည်တစ်မျိုး ဆိုပါတော့။ (အန်ဒရွိုက်-အကြောင်းကို သီးခြား ဆောင်းပါး ရေးထားပြီ ဖြစ်တယ်။)





8.Antenna = အင်တာနာ (ဧရိယာတိုင်) 

 
ရေဒီယိုလှိုင်းကို ပေးပို့/ လက်ခံရယူဖို့အတွက် ဖုန်းမှာ ထည့်သွင်းထားရတဲ့ ကိရိယာကို ခေါ်တာပါ။ အင်တာနာကို ပုံစံ အဖုံဖုံ၊ အရွယ်အစား အစုံစုံ ထုတ်လုပ်ခဲ့ကြတယ်။ အရင်ဖုန်းတွေတုန်းကဆို အပြင်ကို စတိုင်ကျကျ ထုတ်ပေးထားပေမယ့် နောက်ပိုင်းထုတ် စမတ်ဖုန်းမှာကျတော့ အတွင်းမှာပဲ ထည့်သွင်းထားကြတယ်။ လူ့အကြိုက်တွေကို လိုက်ပြီး ဖော်လိုက်၊ ဖွက်လိုက် နေမှာပါ။ ဖုန်းလိုင်း ဆွဲအားကောင်းတယ် မကောင်းဘူး၊ လိုင်းမိတယ် မမိဘူးဆိုတာ ဒီထည့်သွင်းထားတဲ့ အင်တာနာပေါ်မှာပဲ မူတည်တယ်။

9.Area Code (NPA) = ဧရိယာကုဒ် 

 
ယေဘုယျအနေနဲ့ ဧရိယာကုဒ်လို့ သုံးစွဲကြပေမယ့် ဖုန်းသုံးဝေါဟာနဲ့ဆို NPA (Numbering Plan Area) လို့ သုံးနှုန်းကြတယ်။ အမေရိကန် အပါအ၀င် မြောက်အမေရိကတိုက်မှာ သုံးစွဲကြတဲ့ နံပါတ် ၁၀-လုံးထဲက ပထမဦးဆုံး ဂဏန်း ၃-လုံးကို ဆိုလိုတာပါ။ ဧရိယာကုဒ်မှန်း သိအောင် ဘယ်တော့မှ ဂဏန်း ၁ နဲ့ စပြီး မသုံးပါ။ အခုအခါမှာတော့ ပထ၀ီဝင် အနေအထားကို တွက်ချက်ပြီး နိုင်ငံအလိုက် ဧရိယာကုဒ်ကို ချမှတ်ပေးထားတယ်။ မြန်မာနိုင်ငံဆို ၀၀၉၅ ဒါမှမဟုတ် +၉၅ ပေါ့။ ဧရိယာကုဒ်ကို နိုင်ငံအလိုက်သာ သုံးစွဲသင့်တဲ့ စကားလုံး ဖြစ်ပေမယ့် အခုခေတ်ကား မြို့အလိုက်ပါ သုံးစွဲနေကြတယ်။ ဥပမာ ရန်ကုန်မြို့ဆို ၀၁၊ မန္တလေးကို ၀၂၊ မော်လမြိုင်ကို ၀၃၂။ ဒါတွေကိုလည်း ဧရိယာကုဒ်ပဲ တင်စားကြတယ်။ ကြိုးဖုန်း အသုံးများတဲ့ နိုင်ငံတွေမှာတော့ ခေတ်ပေါ် မိုဘိုင်ဖုန်းအတွက် သီးသန့်ကုဒ် ထုတ်ပေးထားသေးတယ်။ ပမာအားဖြင့် မြန်မာနိုင်ငံမှာဆို ၀၉ ပုံစံလိုပေါ့။

10.Auto-focus = အော်တို-ဖိုကပ် (အလိုအလျှောက် အချိန်အဆ)

 
အော်တို-ဖိုကပ်ဆိုတာ စမတ်ဖုန်းမှာ ထည့်သွင်းထားကြတဲ့ ကင်မရာတွေရဲ့ ဓာတ်ပုံရိုက်နိုင်စွမ်း အရည်အသွေးကို ပြောတာပါ။ ကင်မရာနဲ့ ဓာတ်ပုံကို ရိုက်တဲ့အခါ ကင်မရာမင်း အများစုက ဖစ်စ်-ဖိုကပ်နဲ့ ရိုက်ကြတယ်။ ဒါပေမယ့် အလင်းအမှောင် အကွာအဝေးကို ချိန်းနိုင်မှ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်း တစ်ပုံ ထွက်လာမှာပါ။ ဒါကို စပါယ်ရှယ် လေ့လာထားတဲ့ ကင်မရာမင်းကမှ ရိုက်တတ်တာပါ။ အပျော်တမ်းသမားအတွက်တော့ မကိုက်ဘူး။


 ဓာတ်ပုံကို ရိုက်လိုက်ပေမယ့် မှောင်မည်းချင် မည်းနေမယ်၊ ၀ါးတားတား ဖြစ်ချင်ဖြစ်နေမယ်ပေါ့။ ဒီတော့ကာ အပျော်တမ်းအဆင့်သာ ထည့်သွင်းထားတဲ့ ဖုန်းရဲ့ ကင်မရာကို ပိုရိုက်ရလွယ်အောင်ဆိုပြီး အော်တို-ဖိုကပ်စနစ် ထည့်သွင်းပေးထားတယ်။ ကင်မရာရဲ့ မှန်ဘီးလူး အချိန်အဆ၊ ရှတ်တာလို့ခေါ်တဲ့ ကင်မရာရဲ့ အလင်းတံခါး အနည်းအများ ဖွင့်ပိတ်- စတာတွေကို ချိန်ဆမနေတော့ဘဲ မြန်မြန်ဆန်ဆန်နဲ့ ဓာတ်ပုံရိုက်နိုင်ဖို့ ရည်ရွယ်တာပါ။ ဒီအော်တို-ဖိုကပ်စနစ်နဲ့ ရိုက်တဲ့အတွက် ကင်မရာက ရုပ်ပုံကို မြန်ဆန်စွာ ဖမ်းနိုင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ နီးနီး ဒီပုံသေနည်းနဲ့ ကင်မရာက တွက်ချက်ပြီး ချိန်ဆပေးထားတဲ့အတွက် ရိုက်လိုက်တဲ့ ရုပ်ပုံတိုင်း ဝေး၀ါးမနေတော့ဘူး။

- ဆက်ရန်-
 http://ayechanmon.blogspot.com/

No comments:

Post a Comment