♪ အော်ရီဒူးဖုန်း ဝန်ဆောင်မှု မြို့ ၆၈ မြို့အထိ တိုးချဲ့မည် ♫


2
မြန်မာနိုင်ငံမှာ မကြာခင်ရက်ပိုင်းက ကျပ် ၁၅ဝဝ တန် တယ်လီဖုန်ဆင်းကဒ်တွေ စတင်ရောင်းချ ခဲ့တဲ့ အော်ရီဒူး ကုမ္ပဏီဟာ လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်က မြို့ပေါင်း ၆၈ မြို့ အထိ ဝန်ဆောင်မှု တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။   အော်ရီဒူးဆင်းကဒ်တွေ ရောင်းချနေတဲ့ လက်ခွဲ ဆိုင်ပေါင်း တစ်ပြည်လုံးမှာ ၆၅ဝဝ လောက် ရှိတယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ အင်တာ နက် မြန်ဆန်ပြီး အသံကြည်လင်ပြတ်သားမှုရှိရမယ်လို့လည်း ကြေညာထားပါတယ်။

ဒီနှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၆ဝ ထဲက ၂၅ သန်းအထိ ဖုန်း ဝန်ဆောင်မှု ရောက်ရှိမှာဖြစ်ပြီး၊ ၅ နှစ်အတွင်း တစ်နိုင်ငံလုံးရဲ့ ၉၇ ရာခိုင်နှုန်းအထိ ဖုန်း ဝန်ဆောင်မှုရရှိမယ်လို့ ဆိုပါတယ်။   ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ဆောင်မှုတွေလည်း တိုးချဲ့ဆောင်ရွက်သွားမယ်လို့ အော်ရီဒူး မြန်မာ အမှုဆောင်အရာရှိချုပ် က သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။   ဒါပေမဲ့ ကာတာနိုင်ငံ အခြေစိုက် အော်ရှီဒူး ကုမ္ပဏီ ရဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြု ကြရေး ဆော်သြ လှုပ်ရှားမှုတွေကိုလည်း Facebook အင်တာနက် လူမှုကွန်ရက်အပါ အဝင် နေရာတချို့မှာ တွေ့မြင်ရပါတယ်။

အော်ရီဒူး နဲ့ အတူ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့တဲ့ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကလည်း လာမယ့် စက်တင်ဘာလမှာ အင်တာ နက် နဲ့ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု စတင်တော့မည်ဖြစ်ပြီး၊ ၅ နှစ်အတွင်း လူဦးရေစုစုပေါင်းရဲ့ ၉ဝ ရာခိုင်နှုန်းဆီကို တယ်လီဖုန်း ကွန်ရက်ရောက်ရှိမယ်လို့ ကြေညာထားပါတယ်။   အလားတူ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကလည်း ဂျပန် ကုမ္ပဏီတွေရဲ့ အကူအညီနဲ့ ဆက်သွယ်ရေး ကွန်ရက် မြန် ဆန်ကောင်းမွန်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment