မိုဘိုင်းဖုန်း အသုံးအနှုန်း (၂)




မိုဘိုင်ဖုန်း အသုံးအနှုန်း (၁) ထဲမှာ ကနေ့ခေတ် မိုဘိုင်ဖုန်း တစ်လုံးရဲ့ အရေးပါပုံကို လည်းကောင်း။ မိုဘိုင်ဖုန်းမှာ အသုံးပြုနေတဲ့ ဖုန်းဝေါဟာရ အသုံးအနှုန်းတွေကို သိသင့်တန်သလောက် သိနိုင်အောင် လေ့လာသင့်ကြောင်းနဲ့အတူ မိုဘိုင်ဖုန်း အသုံးအနှုန်း ၁၀-လုံးကိုလည်း ရှင်းလင်း တင်ပြခဲ့ပါတယ်။ ကနေ့တော့ မိုဘိုင်ဖုန်းနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းထဲက အချို့ကို ပြန်လည်ထုတ်နှုတ် တင်ပြပါမယ်။

11. Bandwidth = သတင်းအချက်အလက် သယ်ဆောင်နိုင်တဲ့ ပမာဏ (ဘန်ဝစ်)

 
တယ်လီဖုန်း ဆက်သွယ်ရေး (ကြိုး၊ ကြိုးမဲ့စနစ်) ကနေ (သို့မဟုတ်) ကွန်ပျူတာ ချိတ်ဆက်မှုကနေ တစ်ဆင့် သတင်းအချက်အလက်များကို သယ်ဆောင် ပေးပို့နိုင်တဲ့ ပမာဏကို ဘန်ဝစ်လို့ ခေါ်ပါတယ်။ အနာလော့ဂ်စနစ်မှာ အချိန်တစ်စက္ကန့်တိုင်းကို ဟတ်ဇ် (Hz) လို့ အတိုကောက် သုံးနေကြတဲ့ Hertz နဲ့ တိုင်းတာပါတယ်။ ဆိုလိုတာက တစ်စက္ကန့်အတွင်း သယ်ဆောင်နိုင်တဲ့ သတင်းအချက်များကို ၁-Hz လို့ ခေါ်တယ်။ ရူပဗေဒ စကားလုံးနဲ့ သုံးရရင် ဖရီကွမ်န်စီလို့ ခေါ်တဲ့ ကြိမ်နှုန်းရဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကြားက ခုန်နှုန်း ကွာဟချက်ကို တွက်ချက်ပေးတာကို ဘန်ဝစ်လို့ ခေါ်တယ်။ 


 
ဒစ်ဂျစ်တယ်စနစ်မှာတော့ တစ်မျိုး။ ချန်နယ်လ် (လိုင်း) ကနေတစ်ဆင့် သယ်ဆောင် ပို့ပေးနိုင်တဲ့ ပမာဏ (သို့မဟုတ်) တန်ဖိုးကို ဘစ် (bit) နဲ့ တိုင်းတယ်။ တစ်စက္ကန့်အတွင်း သတင်းအချက် သယ်ဆောင်ပို့ပေးနိုင်သမျှကို ၁-ဘစ် (1-bit) လို့ သတ်မှတ်တယ်။ Bandwidth-ဆိုတဲ့ စကားလုံးဟာ Band နဲ့ width နှစ်လုံး တွဲသုံးထားတာမို့ ကြိုးမဲ့ တယ်လီဖုန်းစနစ်မှာ သုံးနေတဲ့ Band ဝေါဟာရနှင့် မရောမိပါစေနဲ့။ အဲဒီဟာက MHz နဲ့ အတိုကောက်သုံးပြီး စီမံခန့်ခွဲတဲ့ လိုင်းကို ဆိုလိုတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ သုံးတဲ့ဖုန်း GSM 900 MHz, CDMA 800 MHz, CDMA 450 MHz ဆိုတဲ့ သဘောပါ။ ဒီ Bandwidth ဝေါဟာရကတော့ ပမာဏကို ဆိုလိုတယ်။ အဲဒီ 900 MHz သုံးတဲ့ ဂျီအက်စ်အမ်ဖုန်းထဲသို့ သတင်းအချက်အလက် (စာ၊ ရုပ်၊ သံ) သယ်ဆောင်ပေးနိုင်တဲ့ ပမာဏကို Bandwidth လို့ လွယ်လွယ် မှတ်သားနိုင်ပါတယ်။

12. Bit = ဘစ်

 
Bit ဆိုတဲ့စကားလုံးက Binary (ပေါင်းစည်းခြင်း) နဲ့ Digit (ဂဏန်း) စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတာပါ။ ဂဏန်း ၂-လုံးကို အခြေပြုပြီး တီထွင်ထားတဲ့ ဒစ်ဂျစ်တယ်လ် နည်းပညာမှာ ဘယ်အရာမဆို တစ်ခုက “သုည” ဖြစ်ရပြီး နောက်တစ်ခုက “တစ်” ဖြစ်ရမယ်။ ဆိုလိုတာက ၁-ဘစ် (1-bit) ဟာ ဂဏန်း ၂-လုံးဖြစ်တဲ့ “0” သို့မဟုတ် “1” တစ်ခုခုကို ကိုယ်စား ပြုထားတယ်။ (byte ကို ထပ်ကြည့်ပါ။)

13. Bluetooth = ဘလူးတု(တ်)
PANs ဆိုတဲ့ တစ်ဦးချင်း ဧရိယာ ကွန်ရက် (Personal Area Networks) ကို ဖန်တီးပြီး အသုံးပြုရန် တီထွင်ထားတဲ့ တာတို-ကြိုးမဲ့စနစ်ကို ဘလူးတု(တ်) လို့ ခေါ်ပါတယ်။ သင့်ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ အနီးအနားမှာရှိနေတဲ့ ဖုန်းကိုပဲဖြစ်ဖြစ် တာတို-ဆက်သွယ်မှုအတွက် အသုံးပြုရတဲ့ ကိရိယာ တစ်ခုပေါ့။
ဘလူးတု(တ်) ဆိုတာနဲ့ အချင်းချင်း ဆက်သွယ်နိုင်တဲ့ ကိရိယာ ၂-ခု ရှိရပါမယ်။ ဘလူးတု (တ်) နားကြပ်ရယ်၊ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ ကိရိယာရယ်ပေါ့။ ဒါမှမဟုတ် ပို့လွှတ်တဲ့ ကိရိယာနဲ့ လက်ခံရယူတဲ့ ကိရိယာဆိုပြီး ၁-စုံ ရှိရပါမယ်။ ပို့လွှတ်တဲ့ ကိရိယာက ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာ တစ်ခုခုဖြစ်ပြီး၊ လက်ခံရယူတဲ့ ကိရိယာကတော့ ဖုန်း၊ သင်ပုန်း၊ ကွန်ပျူတာအပြင် ကြိုးမဲ့-နားကြပ်ပါ ပါဝင်တယ်။

 
အခုနောက်ဆုံးပေါ် စမတ်ဖုန်း၊ ပမ် (လက်ဖ၀ါးတင် ကွန်ပျူတာ)၊ သင်ပုန်း (ကွန်ပျူတာ အပြား)၊ လက်တော့ပ် (ပေါင်ပေါ်တင် ကွန်ပျူတာ) အများစုမှာ ဘလူးတု (တ်) စနစ်ကို တပ်ဆင်ထားကြတယ်။ ဘလူးတု (တ်) ပို့လွှတ်နိုင်တဲ့ အကွာအဝေးကို တွက်ချက်ပြီး အဆင့်-၁ နဲ့ အဆင့်-၂ ခွဲခြားထားတယ်။ အဆင့်-၁ ကိုတော့ အကွားအဝေး ပေပေါင်း ၃၀၀ (သုံးရာ) အထိ သုံးစွဲနိုင်ပြီး၊ အဆင့်-၂ ကိုတော့ ပေ-၃၀ ၀န်းကျင်မျှသာ အသုံးပြုနိုင်မှာပါ။

ဘလူးတု (တ်) ဟာ ၁၀-ရာစုခေတ်တုန်းက နော်ဝေးနဲ့ ဒိန်းမတ် နှစ်နိုင်ငံကို ပေါင်းစည်းနိုင်ခဲ့တဲ့ ဘုရင်မင်းမြတ် ဟာရယ်ဘလူးတု (တ်) (Harald Bluetooth) ရဲ့ နာမည်ရင်းပါ။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနာမည်ကို ရွေးပေးထားခြင်း ဖြစ်တယ်။

14. Broadband = ဘရော့ဘန်

 
Broadband ဆိုတာနဲ့ ပုဂံဆိုက်ဘာတက်ခ်ကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ တပ်ဆင်ထားခဲ့တဲ့ ဒယ်အိုးစလောင်းကြီးကို မြင်ယောင်နေကြမှာပါ။ တကယ်တော့ ဘရော့ဘန်-ဆိုတာကလည်း ကွန်ပျူတာနဲ့ အင်တာနက်ကို ချိတ်ဆက် သုံးစွဲနိုင်ဖို့ သတင်းအချက်အလက်တွေကို ပို့လွှတ်ပေးတဲ့ စနစ်တစ်ခုပါပဲ။ ဒါပေမယ့် ရိုးရိုးဘန် (Band) စနစ်မှာတော့ ကြိမ်နှုန်း အနည်းငယ်ကိုသာ ပို့လွှတ်ပေးနိုင်တယ်။ တစ်စက္ကန့်မှာ 3 MHz ပဲ ပို့လွှတ်နိုင်တယ်။ ဒီဘရော့ဘန် (Broadband) ကျတော့ တစ်စက္ကန့်အတွင်း 3 MHz ထက်မက ပိုပြီး ပို့လွှတ်နိုင်တယ်။ ဘရော့ဝေး (Broadway) ဆိုတဲ့ အသုံးအနှုန်းကို သတိရကြမှာပါ။ လမ်းမကြီး-လို့ အဓိပ္ပါယ် ရတယ်လေ။ လမ်းမကြီးဆိုတော့ လမ်းက ကျယ်တယ်။ လမ်းက ကျယ်တော့ ယာဉ်တွေ ပိုသွားလာနိုင်တယ်လေ။ အလားတူပဲ သတင်းအချက်အလက် အများကြီးကို ပို့လွှတ်နိုင်တဲ့စနစ်ကို Broadband လို့ ခေါ်တာပါ။ 

မြန်နှုန်းမြင့်စနစ် (High-Speed) ကိုလည်း ဘရော့ဘန်လို့ ခေါ်သေးတယ်။ ဘယ်လောက်အထိ မြန်နှုန်းမြင့်သလဲဆိုရင် စလောင်းကနေ ထုတ်လွှတ်တဲ့ သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို တီဗီ (ရုပ်မြင်သံကြား) စက်နဲ့ တိုက်ရိုက် ဖွင့်ကြည့်နိုင်သလို ဘရော့ဘန်စနစ်ကို သုံးပြီး အင်တာနက် လွှင့်မယ်ဆိုရင် သတင်း၊ ရုပ်ရှင်၊ ဗီဒီယိုတွေကို ကွန်ပျူတာ၊ သင်ပုန်း၊ ဖုန်းတွေနဲ့ အထစ်အငေါ့မရှိ ကြည့်ရှုနိုင်တယ်။

15. Browser (Mini-Browser) = ဘရောက်စာ (အသေးလေး)

 
ဘရောက်စာ-ဆိုတာက အင်တာနက်ပေါ်မှာ လွှင့်တင်ထားတဲ့ ၀က်ဆိုက် (web-site) တွေကို ဖွင့်ကြည့် ရှာဖွေနိုင်တဲ့ အသုံးချကိရိယာ တစ်မျိုးပါ။ Internet Explorer, Mozilla Firefox, Google Chrome တွေကို ဘရောက်စာလို့ ခေါ်ပါတယ်။ ၀က်ဆိုက် ပိုင်ရှင်တွေကို ဒီဘရောက်စာတွေနဲ့ပဲ ပေးချင်တဲ့ သတင်းအချက်အလက်ကို အင်တာနက်ပေါ် လွင့်တင်ကြသလို အင်တာနက် အသုံးပြုသူတွေကလည်း ဒီဘရောက်စာတွေကိုပဲ ဖွင့်ပြီး သူတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စူးစမ်းရှာဖွေကြတယ်။ 


 
အရင်ခေတ်ကဆို ကွန်ပျူတာသုံး ဘရောက်စာ (Browser) ကိုပဲ တီထွင်ခဲ့ကြတယ်။ ယေဘုယျအားဖြင့် 800x600 pix အရွယ်အစားလောက်ပေါ့။ အခုကျတော့ ခေတ်မီတဲ့ သင်ပုန်းတွေ ဖုန်းတွေ ခေတ်နဲ့အညီ ပေါ်လာပြီ။ ဒီတော့ကာ ဘရောက်စာ အသေးလေး (Mini-broswer) ကို ထပ်ပြီး တီထွင်ခဲ့ရတယ်။ 320x480 pix အရွယ်အစားလောက်ပေါ့။ ကွန်ပျူတာသုံး ဘရောက်စာတွေကို ဖုန်းမှာ သုံးလို့ မရတာတော့ မဟုတ်ဘူး၊ ရတယ်။ ဒါပေမယ့် ၀က်ဆိုက်ရဲ့ မူလစာမျက်နှာနဲ့ ကွက်တိ မဖြစ်ဘူး။ တအားကြီးနေတယ်။ အကုန်မြင်ဖို့အရေး စာမျက်နှာကို ဟိုရွှေ့ ဒီတွန်း လုပ်မှ ရမှာကိုး။ (ခုတလော ၀က်ဆိုက်တွေ၊ ဘလော့တွေကို မိုဘိုင်ဖုန်းစာမျက်နှာဆိုပြီး Google က ၀န်ဆောင်မှု သီးသန့် ပေးထားတယ်၊ ဒီ ayechanmon.blogspot.com ဘလော့ကိုလည်း မိုဘိုင်ဖုန်းနဲ့ ဖွင့်ကြည့်လို့ ရတယ်။

16. Byte = ဘိုက် 

 
နီးစပ်ထောင့်များရဲ့ အစဉ်အတန်း တစ်ခု (ပုံမှန်အားဖြင့် ၈-ခု) ကို ၁-ယူနစ်လို့ ခေါ်တယ်။ ၁-ယူနစ်ကို ၁ နဲ့ ၀ ချည်း ၈-ခုပြည့်အောင် ပေါင်းထားစပ်ထားတယ်။ ဒီပေါင်းစပ်တစ်ခုကို ၁-ဘိုက်လို့ ခေါ်တယ်။ ၁-ဘိုက်ဆိုတာနဲ့ “0 0 1 1 0 1 0 1” ဂဏန်းစဉ် ၈-လုံး ဖြစ်နေရမယ်။ ဥပမာ - စာချည်းသက်သက် ပါတဲ့ ဖိုင်တစ်ခုမှာ စာဖိုင်တွေကို အက္ခရာတွေက ကိုယ်စားပြုမနေဘဲ၊ ဒီအစဉ်အတန်း ဂဏန်းတွေကသာ နေရာယူ ကိုယ်စားပြုနေမှာပါ။ bit ကနေ byte ဖြစ်၊ byte ကနေ Mega-byte ဖြစ်၊ Mega-byte ကနေ Gaga-byte ဖြစ်သွားတာကို သတိပြုပါ။ အခုခေတ် သုံးစွဲနေတဲ့ KB, MB, GB ဆိုတာ ဘိုက်ကို အခြေခံထားတဲ့ စနစ်ပါပဲ။



17. 12-key Keypad = ဂဏန်း ၁၂-လုံးပါ ကီးပက် 

 
ပုံမှန် တယ်လီဖုန်း တစ်လုံးရဲ့ ကီးပက်ဟာ ၃-တိုင်နှင့် ၄-တန်း ရှိတတ်ပါတယ်။ ထိပ်ဆုံးတန်းမှာ ဂဏန်း 1. 2. 3 ပါရှိပြီး၊ အောက်ဆုံးတန်းမှာတော့ *. 0. # (စတား၊ ဇီရိုး၊ ဟက်) တို့ ပါဝင်တယ်။ ဂဏန်း 2 3 4 5 6 8 အကွက်တို့မှာ အက္ခရာ ၃-လုံးစီ (၁၈-လုံး) ထည့်ထားပြီး၊ 7 နဲ့ 9 မှာတော့ အက္ခရာ ၄-လုံးဆီ (၈-လုံး) ထည့်သွင်းထားတယ်။ ဒါကို ၁၂-ကီး ကီးပက် (ဂဏန်း ၁၂-လုံးပါ ကီးပက်) လို့ ခေါ်ပါတယ်။ ခေတ်ဟောင်းဖုန်းကို သုံးခဲ့ပြီး ခုခေတ်ပေါ် မိုဘိုင်ဖုန်း (တို့ထိမျက်နှာပြင်) နဲ့ မရင်းနှီးသေးရင် ဒီကီးပက်ပုံစံ 12-key Keypad ကိုသာ ရွေးချယ်ပြီး သုံးစွဲလိုက်ပါ။

18. 20-key Keyboard = အလုံး ၂၀ ကီးဘုတ်

 
ကွန်ပျူတာလက်ကွက်သုံး ပုံမှန် ကီးဘုတ်ဖြစ်တဲ့ (QWERTY- ကွာတီ) ကို ထက်ဝက် ခြမ်းထားတဲ့ ကီးဘုတ်အမျိုးအစားကို 20-key Keyboard လို့ ခေါ်ဆိုတယ်။ ဖုန်း၊ သင်ပုန်းမှာက နေရာကျဉ်းတဲ့အတွက် တစ်ခါနှိပ် တစ်ခြမ်းစီ စတိုင်လ်နဲ့ ပြုလုပ်ထားတာပါ။ ပုံမှန် ကွန်ပျူတာရဲ့ ကီးဘုတ်တွေနဲ့ အကျွမ်းဝင်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။



19. QWERTY = ကွာတီ ကီးဘုတ်

 
ကွန်ပျူတာရဲ့ ပုံမှန် ကီးဘုတ်ကိုတော့ QWERTY- ကွာတီလို့ ခေါ်ဆိုကြတယ်။ ဘယ်ဘက် ထိပ်ဆုံး တစ်ခြင်းက အက္ခရာဖြစ်တဲ့ Q W E R T Y ကို စုပေါင်းပြီး ခေါ်ဆိုခြင်းပါ။ လက်နှိပ်စက်လို့ ခေါ်တဲ့ တိုက်ပရိုက်တာ (Typewirer) ခေတ်ကတည်းက အင်္ဂလိပ်စာအတွက် စနစ်တကျ တီထွင်ထားတဲ့ လက်ကွက်ရဲ့ အနေအထားအတိုင်း ကွန်ပျူတာ ကီးဘုတ်မှာ ပြန်လည် အသုံးချတာပါ။
ကီးပက် (Key Pad) နဲ့ သုံးတဲ့ ဖုန်းခေတ်မှာကျတော့ ဒီလက်ကွက်ကို သုံးရင် လက်ကွက် သေးသွားမယ်၊ အက္ခရာ/ဂဏန်း တစ်လုံးနဲ့တစ်လုံး ကပ်သွားမယ်။ ဆိုးကျိုးကတော့ ရိုက်တဲ့အခါ မမြင်မစမ်း ဖြစ်တာလို့၊ ဒီရိုက် ဟိုထွက်တာတို့ ဖြစ်မှာ သေချာတယ်။ ဒါကြောင့် ကီးပက်ခေတ်မှာ ဒီကွာတီစနစ်ကို မသုံးဖြစ်ဘူး။ တို့ထိမျက်နှာပြင် (Touch Screen) ခေတ်မှာတော့ ဖုန်းကော၊ သင်ပုန်းပါ အရွယ်အစား ကြီးလာတယ်။ ကီးဘုတ်ကိုလည်း အရွယ်အစားစုံ ချုံ/ချဲ့လို့ ရတာမို့ ကွာတီစနစ် ကီးဘုတ်ကို ပြန်သုံးဖြစ်တာပါ။ ကွန်ပျူတာလက်ကွက်နဲ့ အကျွမ်းဝင်ပြီးသား စာရိုက်သမားတွေအတွက်ကတော့ ကွာတီကီးဘုတ်ကိုပဲ မြေကြီးလက်ခတ်မလွဲ ရွှေးချယ်ကြမှာ အမှန်ပေ။

20. GPS = ဂျီပီအက်စ် (မြေပုံစနစ်)

 
ဂျီပီအက်စ် (GPS) ဆိုတာ ကမ္ဘာလုံးဆိုင်ရာ မြေပုံ အသုံးပြုစနစ်ကို ရည်ညွှန်းတာပါ။ Global Positioning System (GPS) ပေါ့။ ဖုန်းကိုင်ထားသူက ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို ဂျီပီအက်စ်-ဂြိုဟ်တုကနေတစ်ဆင့် သက်ဆိုင်ရာ ဖုန်းရုံးဆီသို့ အကြောင်းကြားပြီး ဖုန်းကိုင်သူထံ ပြန်လည် အသိပေးတဲ့ စနစ်တစ်ခုပါ။ 

ဥပမာ - ကမ်းနားဟိုတယ်မှာ တည်းခိုနေတဲ့ နိုင်ငံခြားသား တစ်ယောက်က ရွှေတိဂုံဘုရားကို သွားချင်တယ် ဆိုပါစို့။ ဂျီပီအက်စ်ရဲ့ ဆပ်ခ်ျဘောက် (Search Box) မှာ “Shwedagon Pagoda” လို့ ရိုက်ထည့်လိုက်မယ်။ Search (ရှာဖွေ) ကီးကို နှိပ်လိုက်မယ်။ ဒါဆိုရင် ကမ်းနားဟိုတယ်ကနေ ရွှေတိဂုံဘုရားသို့ သွားရမယ့် လမ်းကြောင်းကို ဂျီပီအက်စ် (GPS) စနစ်က တွက်ချက် ဖော်ပြပေးပါလိမ့်မယ်။
ဖုန်းနဲ့ အင်တာနက်သုံးတာ ခေတ်မစားသေးတဲ့ မြန်မာပြည်အတွက် ဂျီပီအက်စ်ကို ၂-မျိုး ခွဲထားတယ်ဆိုပဲ။ အွန်းလိုင်း-ဂျီပီအက်စ်နဲ့ အော့ပ်လိုင်း-ဂျီပီအက်စ် ပေါ့။ Online GPS ကိုတော့ ဖုန်းမှာ အင်တာနက်ချိတ်ထားတဲ့ သူတိုင်းက ဖုန်းလိုင်းဝင်တဲ့ နေရာတိုင်းမှာ သုံးလို့ ရတယ်။ 0ff line ကိုတော့ ဖုန်းလိုင်း မ၀င်တာပဲ ဖြစ်ဖြစ်။ အင်တာနက် ကွန်နက်ရှင်း မရတာပဲ ဖြစ်ဖြစ် ဖြစ်ရုံလေး သုံးလို့ရအောင် ပုံသေ ထည့်ပေးထားတဲ့ မြေပုံစနစ်ပေါ့။
http://ayechanmon.blogspot.com

No comments:

Post a Comment